စိတ်ကူးအတွေးများနဲ့ လက်တွေ့

         မနေ့က လစာထုတ်ပါတယ်။ ဘတ် ၁၅၀၀၀ ရပါတယ်။ အရေးတော်ပုံ ကာလကြီးမို့ လှူချင်တာတွေ၊ အကြွေးတွေ အများကြီးနဲ့ ကျွန်တော် ဘာကို စလုပ်ရမလဲ လို့ စိတ်တွေများနေခဲ့တယ်။ အခုထိတော့ ဆုံးဖြတ်ချက် တစ်ခုမှ မချရသေးပါဘူး။ 

ညနေက အစ်မနဲ့ ဖုန်းအဆက်အသွယ်ရတော့ တိုင်ပင်ဖြစ်တယ်။ ဆုံးဖြတ်ချက်ချထားတာက အိမ်ကို ဘတ် ၆၀၀၀ ပေးလိုက်မယ်။ အစ်မကို လည်း မြန်မာငွေ (၁၀၀၀၀၀) လောက်ပေးဖို့ဆုံးဖြတ်ထားတယ်။ ရွာမှာ CDM ဆရာ/မ တွေအတွက်လည်း လှူမယ်လို့စိတ်ကူးထားပါတယ်။ ဘယ်လောက်လှူရမလဲဆိုတော့ မဆုံးဖြတ်ရသေးဘူး။

ကျွန်တော့်မှာလည်း ဆပ်စရာ အကြွေးလေး (၁၂) သိန်းရှိသေးတယ်။ သစ်ရွက်ခြောက်တွေလို့ တဖြုတ်ဖြုတ်ကြွေနေတဲ့ လူအသက်တွေ.. အဲဒီကြားမှာ ကိုယ့်အလှည့်က ဘယ်ခါကျလာမလဲ မပြောတတ်ဘူး။ အကြွေးလေး နဲ့ မိဘကို တော့ ကောင်းကောင်းလေးတော့ ပေးဆပ်လုပ်ကျွေးချင်သေးတယ်။

အမေ့ကိုလည်း စိတ်ချမ်းသာစရာကောင်းတဲ့ အိမ်လေးတစ်ဆောင်လောက် ဆောက်ပေးချင်မိတာ။ (တိုက်အိမ်တွေ ဘာတွေမဟုတ်ပါဘူး၊ မိုးကျရင် ရေမယိုတဲ့အိမ်မျိုး၊ ရေကြီးရင် ရေမြုပ်တဲ့နေရာမျိုးမှာပေါ့။ တစ်ချက် တည်းပြောရရင် သဘာဝဒဏ် အတော်အသင့်ခံနိုင်တဲ့ အိမ်လေး တစ်ဆောင်ပေါ့ဗျာ။)

ဒီလိုလိုက်တွေနေတော့လည်း တစ်ဖက်မှာ PDF တွေကို သတိရမိပါတယ်။ တောထဲတောင်ထဲ၊ မိုးရွာမရှောင်၊ နေပူမရှောင် တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲတွေဝင်နေကြတာ၊ သူတို့ရဲ့ ခြေဖဝါးနုနုလေးတွေ၊ လက်ဖဝါးနုနုလေး တွေ၊ ခက်ခဲကြမ်းတမ်းတဲ့ တောလမ်းကြမ်းမှာ..။ အို.. အငြိုးနဲ့ရွာနေတဲ့ မိုးသက်လေပြင်တွေကြားမှာ အကာအကွယ်မဲ့.. ဘောပင်၊ ကီးဘုတ်၊ ဂီတာ၊ ဒရမ်နှင့် စုတ်တံကိုင်တဲ့ လက်ကလေးတွေ.. စဉ်းစားကြည့်၊ ကိုယ်ချင်းစာမိပါရဲ့...)


ကိုယ့်အကြွေးလေးပြေပြီးတဲ့တစ်နေ့ PDF အတွက် ပဲ...........။ အရာရာမလုံခြုံတဲ့အချိန်တွေမှာ ကိုယ့်မိသားစုပဲ လုံခြုံမယ့်အိမ်မျိုး တည်ဆောက်လည်း ခဏပဲ ရမှာပါ။ အရေးတော်ပုံကြီးပြီးခဲ့ရင် ရွက်ဖျင်တဲလေးနဲ့ ယခင်လို လွတ်လပ်တဲ့ တောတောင်တစ်ဝှမ်းနှင့် လယ်ကွင်းလွင်ပြင်တွေမှာ လွတ်လွတ်လပ်လပ် ကြယ်ရောင်လရောင် လေးကြည့်ပြီး... ခရီးထွက်ချင်သေးတယ်။ 

Comments